x

1.1.26

ကျေးဇူးရှင်


တရားရိပ်သာ၀င်နေစဉ်တချိန်က ‘အမေ့ကျေးဇူး’ တရားတော်ကို ဆရာတော်က ဟောကြားခဲ့ဘူးတာကို သတိရမိတယ်။ 
မိခင်တိုင်း သားဦး မိခင်လောင်းဘဝကို ပိုင်ဆိုင်ခွင့်ရပြီလို့ သိရတဲ့အချိန်မှာ ပီတိအဟုန်နဲ့အတူ ရင်ခုန်ကြမှာဖြစ်သလို ‘ငါမိခင်တစ်ယောက် ဖြစ်တော့မှာပါလား’ ဆိုတဲ့ အတွေးလေးနဲ့အတူ မသိစိတ်က လတ်တစ်လော ဘဝကို ရင့်ကျက်သွားစေကြတယ်။ အချိန်အားလေး ရတာနဲ့ အတွေးသံသရာထဲမှာ တစ်ဝဲလည်လည်​တွေးနေမှာလည်း အ​သေအချာပေါ့။ 
အာရုံထဲမှာ ဆန္ဒနဲ့ ကိုက်ညီတဲ့ ပုံလေးတွေကို ဖော်ဖော်နေလိမ့်မယ်။ သားလေးလား သမီးလေးလား မသိခင်ထဲက စိတ်ကူးနဲ့တင် ကျေနပ်နေခဲ့သလို နေ့စဉ် ဘုရားကို ဝတ်ပြုပြီးတိုင်းလည်း ‘ကိုယ်လက်အင်္ဂါ ပြည့်စုံကျန်းမာတဲ့ ရင်သွေးလေး မွေးဖွားရပါလို၏’ ဆိုတဲ့ ဖြူစင်တဲ့စိတ်လေးနဲ့ ဆုတောင်းကြလိမ့်မယ်။ 
လူ့သဘော သဘာဝအတိုင်း စိတ်ရှုပ်စရာတွေ ကြုံတွေ့လာတဲ့အခါ တိုတောင်းတဲ့ အချိန်အတွင်းမှာ ဖယ်ရှားနိုင်အောင် ကြိုးစားတတ်ကြတယ်။ မိခင်လောင်းတို့ အတွက် စိတ်ဒဏ်ရာ ရရှိမှုဟာ ရင်သွေးလေးကို သွားရောက်ထိခိုက်စေတယ်ဆိုတဲ့ အသိစိတ်ကို မိခင်တိုင်း သိထားကြတာကြောင့်လည်း မိခင်လောင်းဘဝ ရောက်လာခဲ့တဲ့မိခင်တိုင်းက မိမိရင်​သွေး​လေးကို ဂရုတစ်စိုက် စောင့်ရှောက်ခဲ့သလို ပြဿနာ မှန်သမျှ စိတ်တည်ငြိမ်စွာနဲ့ ​ကျော်ဖြတ်ကြတယ်။ 
မိခင်​လောင်းတိုင်း ရင်သွေးလေး သန္ဓေတည်လာပြီ ဆိုတဲ့ အသိစိတ်ကြောင့် အနေအထိုင် အသွားအလာ အစားအသောက် အပြင် အပြောအဆိုက အစ ဆင်ခြင်တတ်ကြပါတယ်။ ကာယကံ ဝစီကံတို့ထက် ထိမ်းသိမ်းရခက်တဲ့ မနောကံကို ပိုပြီး ထိန်းသိမ်းသလို ဘာသာရေးကို သာမာန်ထက် အချိန်ပိုပေးကြတယ်။ 
ဆရာတော်ရဲ့ တရားတော်မှာ သားသမီးတိုင်းအတွက် မိခင်ဖခင်တို့ဟာ ကျေးဇူးရှင်များဖြစ်ပြီး မိခင်ဟာဖခင်ထက် ကျေးဇူးတရားကြီးမားခဲ့ကြောင်းကို အသေးစိတ်ဟောကြားခဲ့ပါတယ်။ လူ့မျက်စေ့နဲ့ မမြင်နိုင်ပဲ အလွန်းသေးငယ်လှတဲ့ အစိုင်အခဲလေးဘ၀ထဲက မိခင်တွေဟာ မိမိရင်သွေးလေးအပေါ် မေတ္တာဂရုဏာတွေ လွှမ်းခြုံပေးခဲ့သလို စက္ကန့်မလတ်မေတ္တာဂရုဏာတွေတပိုးတနင့်နဲ့ စောင့်ရှောက်ခဲ့ကြတယ်။ 
စားချင်တိုင်းမစား သွားလာချင်တိုင်း မသွားလာ အစစအရာရာ ကိုယ့်ရင်သွေးလေး မထိခိုက်အောင် ဆင်ခြင်တုံတရား လက်ကိုင်ထားရင်း ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ အချိန်မှန်မှန် ကိုယ်တတ်သမျှ မှတ်သမျှ တရားစာများကို ရွတ်ဖတ်သရစ္ဇျာယ်ပြီး အန္တရာယ်အပေါင်းမှ ကင်းဝေးစေဘို့ တောင်းဆုတွေချွေကြပြန်တယ်။ မိခင်တိုင်းမှာတူညီတဲ့ စိတ်ဓာတ်များရှိနေကြပါတယ်။ 
ပုထုဇဉ်သားများ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများတို့၏ ကျေးဇူးရှင်မှာလည်း ဂရုဏာတရားကြီးမားလှသော မိခင်ပင်ဖြစ်ပါတယ်။ ဗုဒ္ဓဟောကြား မြတ်တရားမှာ လောကတွင်ရှိသော‘ကျေးဇူးရှင် ၂-ဦးမှာ မိခင်ဖခင်တို့ပင် ဖြစ်ပေသည်’ ဟူသတတ်။ 
နှစ်သစ်နဲ့အတူသားသမီးတိုင်း မိဘ​များကိုချစ်နိုင်ကြပါ​စေ။ 
မေတ္တာဖြင့် 
တီတင့်(၁-၁-၂၀၂၆)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz